ဝေါ ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖြင့် ပြည့်စုံစေရန်နှင့် ပရိသတ်ရှေ့၌ ပြောရဲ ဆိုရဲသော သတ္တိများ ရှိလာစေရန် လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများကို ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဥ်ကျေးစွာပြောဆိုဆက်ဆံတတ်စေသည့် အတွေ့အကြုံသစ်များကို ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဇေယျာသီရိခန်းမ၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် မြို့နယ်ပညာရေးမှူး ဦးကြည်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက Modertor အဖြစ် ဆောင်ရွက်ပေးပြီး အထက(ဝေါ) Grade (11) မှ မောင်ရဲထက်နိုင်မှ ပညာတတ်ဖို့ အရေးကြီးသလား၊ စာနာတတ်ဖို့အရေးကြီးသလား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက(ဝေါ) Grade(11) Aမှ မောင်ထူးအောင်လင်းက အောင်မြင်ရေးအတွက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက(ဝေါ) Grade (11) A မှ မဇင်ဇင်ဌေးက လူရယ် အလုပ်ရယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက(ဝေါ) Grade (11) Aမှ မမေသက်ခိုင်က ဂိမ်းနှင့် ဘဝအောင်မြင်မှု ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ ဆက်)