ပြည် ဒီဇင်ဘာ ၁၅
ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြည်တက္ကသိုလ်ပါမောက္ခချုပ်၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ "စားသုံးသူကာကွယ်ရေးနှင့်အစားအသောက်/ ဆေးဝါးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးဦးမင်းဆွေက စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားအပါအဝင် စားသုံးသူပြည်သူများနှင့် အစားအသောက်ရောင်းချသူများ/ လုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်ရမည့်အကြောင်းအရာများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုဆိုးဆေးများအကြောင်းအပါအဝင် အစားအသောက်၊ ဆေးဝါး/ဆေးပစ္စည်းနှင့်အလှကုန်ပစ္စည်းများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများအကြောင်းတို့ကိုလည်းကောင်း အကျယ်တဝင့်အသိပညာပေးဆွေးနွေးဟောပြောသည်။
ယင်းနောက် တက်ရောက်လာသော ပြည်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ပရဝုဏ်အတွင်း အစားအသောက်ရောင်းချသူများက ဟောပြောဆွေးနွေးချက်များအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးသည်။
အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ပြည်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တက္ကသိုလ်တွင် အစားအသောက်ရောင်းချသူများ စုစုပေါင်း ၃၀၀ ကျော်တက်ရောက်ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)