ငဖဲမြို့နယ် စာတတ်ကူကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ကလေးစာဖတ်ဝိုင်းနှင့်ပြိုင်ပွဲများ ကွင်းဆင်းဆောင်ရွက်

ငဖဲ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိစေရန်နှင့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက စာတတ်ကူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် စာတတ်ကူကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစံသူက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သိကောင်းစရာ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တမ်းများ၊ နေ့ထူးနေ့မြတ်များ၊  နယ်လှည့်အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုအခြေအနေများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေသိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် Grade-2 ကျောင်းသား/သူ(၁၅)ဦးကို ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ဆောင်ရွက်ပေးပြီး အကောင်းဆုံးထပ်တူကျအောင်ပုံဆွဲနိုင်သူ(၃)ဦးနှင့် ဆေးရောင်ခြယ်နိုင်သူ(၃)ဦးကို မြို့နယ်ဦးစီးမှူး ဒေါ်ယုယုသိန်းက အမှတ်တရဆုလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ကာပြသထားရှိသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့်သရုပ်ဖော်ရုပ်ပြများကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)