ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ်စိုက်ပျိုးသည့် စားတော်ပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံစားတော်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံးစားတော်ပဲသီးနှံစိုက်ဧက၂၁၅၈ ဧကလျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ဒေသခံတောင်သူများက စားနပ်ရိက္ခာဖူလုံစေရန်နှင့် ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးစေရန်အတွက် နိုဝင်ဘာလ ဒုတိယပတ်ကစတင်ပြီး ကြိုးပမ်းစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးဧက ၂၂၆၈ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ၁၁၀ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ယခုအခါစားတော်ပဲ သီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေထံက သိရသည်။

" ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်မှာ စားတော်ပဲသီးနှံစိုက်ပျိုးမှုအနေနဲ့ တစ်မြို့နယ်လုံး စိုက်ဧက ၂၁၅၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာမှာ မြေပြင်စိုက်ပျိုးပြီးစီးဧက ၂၂၆၈ ဧက စိုက်ပျိုးနိုင်ခဲ့လို့  သတ်မှတ်လျာထားတဲ့ စိုက်ဧကထက် ၁၁၀ ဧကကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နောက်ပြီး စားတော်ပဲသီးနှံဟာဆိုရင် ပြည်တွင်းစားသုံးမှုများတဲ့သီးနှံဖြစ်လို့ ဈေးကွက်ရှိပြီး တောင်သူတွေအတွက် သီးနှံဝင်ငွေတွက်ခြေကိုက်တာကြောင့် ဒေသခံတောင်သူတွေက စားတော်ပဲသီးနှံကိုနှစ်စဉ်နှစ်တိုင်း ဆောင်းသီးနှံအဖြစ် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေဖူလုံမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများက (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်အတွက် စားတော်ပဲသီးနှံအပါအဝင် ကုလားပဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ ပဲကြီး၊ ပဲလွမ်း၊ ပဲကြား၊ ပဲနောက်၊ ပဲယင်း၊ ပဲပုတ် စသည့် ပဲမျိုးစုံသီးနှံစိုက်ဧက ၃၉၇၁၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)