အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းပြုလုပ်

အိမ်မဲ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဒေါက်တာခင်မောင်ညို၏ လူငယ်များအတွက် အခွင့်အလမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က “ယနေ့ခေတ်သည် လူငယ်များအတွက် အခွင့်အလမ်းကောင်းများ များစွာရှိနေကြောင်း၊ မည်သူမဆို တန်ဖိုးရှိသောသူများ ဖြစ်သောကြောင့် လူ့အဖွဲ့အစည်းက လက်တွဲခေါ်ဆောင်ရမည် ဖြစ်ကြောင်းနှင့် ခွဲခြားဆက်ဆံရေး မပြုသင့်ကြောင်း၊ လူငယ်တွေ၏ ဆန္ဒများကိုအလေး ထားရန်၊ လူငယ်များ၏အမြင်ကိုလေးစားရန်၊ လူငယ်များအားလမ်းမှန်ပြကြရန်၊ လူငယ်များဟာ အနာဂတ်တိုင်းပြည်ကို တည်ဆောက်မည့်သူများ ဖြစ်သောကြောင့် အလေးအနက်ထားကြရန်” တို့ကိုပြောကြားခဲ့သည်။

ဆက်လက်ပြီး Book Club အဖွဲ့ဝင်များက ဒေါက်တာခင်မောင်ညို၏ လူငယ်များအတွက် အခွင့်အလမ်းစာအုပ်မှ “မကျန်ခဲ့ပါဘူး”၊ “ဘယ်သူ့ကိုမဆို မချန်ထားပါနဲ့”၊ “လေးစားမှု”၊ စသည့် ခေါင်းစဥ်များဖြင့် အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆွေးနွေးပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)