အရာတော် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၌ နှာခေါင်းစည်း (Mask) မတပ်ဘဲ နေအိမ်ပြင်ပ သွားလာနေသူ (၁၅) ဦးကို တရားရုံမှ ငွေဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်(၉)နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အပြင်ထွက်လျင် ပါးစပ်/ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ညွှန်ကြားချက်အား လိုက်နာခြင်းရှိ/မရှိကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပူးပေါင်းအဖွဲ့သည်ရွှေဘို-အရာတော်-မုံရွာလမ်းတစ်လျှောက်နှင့်မြို့လယ် ကျောက် တိုင်အနီး မှနေ၍စစ်ဆေးခဲ့ရာ(Mask) တပ်ဆင်ထားခြင်းမရှိသူ (၁၅)ဦးအား စစ်ဆေး တွေ့ရှိခဲ့သည်။
ယင်းသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အပြင်ထွက်လျင် ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ညွှန်ကြား ချက်အား လိုက်နာခြင်းမရှိသူ အရာတော်၊ ရွှေဘို၊မုံရွာ၊ဒီပဲယင်း မြို့နယ်များမှ ပြည်သူ(၁၅)ဦး တို့အား ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူနိုင်ရေး မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မိုးဝေက တရားလိုပြုလုပ်၍ မြို့နယ် တရားရုံးသို ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးမှ ဦးခင်မောင်စန်းပါ (၁၅)ဦးအား ဒဏ်ငွေ (၃၀၀၀) ကျပ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
နွယ်နီမြင့် (ပြန်/ဆက်)