စာဖတ်ရှိန် မြှင့်ရေးတင်ရေး BookClub အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

ကော့ကရိတ် ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် BookClub အဖွဲ့ စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်မင်းစိုး ရေးသားထားသည့် “အထက်တန်းစားစိတ်ဓါတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန် မြှင့်မားလာစေရန်နှင့် စာပေမှ ရရှိသည့် ဗဟုသုတ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် ရည်ရွယ်၍ စာဖတ် ဝိုင်းများကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောက်ရွက်ကြရာ Book Clubအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ခင်ကြူအေးက ပေါင်းသင်းဆက်ဆံရေးဟာ လူတိုင်းအတွက် တကယ့်ကို အရေးကြီးဆုံး ဖြစ်သောကြောင့် လူငယ်တွေအနေနဲ့ သတိထားပြီး ပေါင်းသင်းဆက်ဆံကြရေးစသည့် ”  လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ပါ အကြောင်းအရာကိုလည်းကောင်း၊ ဒေါ်သင်းသင်းယုက လူငယ်တွေရဲ့ အနာဂတ်အတွက် စဉ်းစားတွေးခေါ်မှုတွေ အားကောင်းတဲ့ ပုံဖော်မှုတွေဖြစ်လာစေရေးအတွက် မေးခွန်းတွေ မေးနိုင်အောင်၊ မေးလာအောင်၊ မေးတက်အောင် သင်ပြပေးဖို့ လိုအပ်ကြောင်း ဆိုသည့် “လူငယ်နှင့်မေးခွန်း” ခေါင်းစဉ်တို့အားလည်းကောင်း၊ ဦးစိန်ဝင်းက ”လူငယ်နှင့် အစွဲအလမ်း” ခေါင်းစဉ်တို့အားလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော  စာပေ ဝါသနာရှင် စာဖတ်ပရိသတ်များက  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)