မင်းလှ(အောက်) စက်တင်ဘာ ၂၂
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများ ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နေ့လယ် ၂ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးသူရိန်ထွန်းက ထောက်ပံ့ငွေများအား သက်ဆိုင်ရာ အခြေခံလူတန်းစားများ လက်ဝယ်သို့ မှန်မှန်ကန်ကန် အပြည့်အဝရောက်ရှိရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများ အဖွဲ့က အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာ (၆၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများထံ အိမ်ထောင်စုပေါင်း ၂၁၅၀၀ စုအတွက် ကျပ်သိန်းပေါင်း (၄၃၀၀) ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် အမြန်ဆုံး ဖြန့်ဝေထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ