ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာ၌ ဒုတိယနှစ်စက်ဝန်း မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လယ်ကိုင်းကျေးရွာအုပ်စု၊ လှည်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပထမနှစ်စက်ဝန်း ချေးငွေပြန်လည်ပေးဆပ်စေခြင်းနှင့် ဒုတိယနှစ်စက်ဝန်းစီမံကိန်းအတွက် ချေးငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီကအဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝေမာမာအောင်က ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျော့ကျစေရန်၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ လှည်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက စနစ်တကျထိန်းသိမ်းရန်နှင့် ငွေစာရင်းဇယားများ တိကျမှန်ကန်စေရေး စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံများက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ လှည်းကြီးကျေးရွာ၌ ပထမနှစ်စက်ဝန်းအတွက် ထုတ်ချေးယူထားသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို အသင်းသား၊ အသင်းသူများထံမှ ပြန်လည်ကောက်ခံရယူကာ ဒုတိယနှစ်စက်ဝန်းအတွက် စီမံကိန်းချေးငွေ အတိုးအရင်းငွေကျပ် ၃၁ ဒသမ ၂ သန်းအား ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၂ ဦးကို ငွေကျပ် ၁၃ ဒသမ ၇ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၄ ဦးကို ငွေကျပ် ၈ ဒသမ ၆ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၇ ဦးကို ငွေကျပ် ၆ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဦးကို ငွေကျပ် ၂ ဒသမ ၉ သန်းတို့ကို စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၁၂၃ ဦးအား စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။   

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)