ရွှေဘို စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာ ညမထွက်ရအမိန့် ဖောက်ဖျက်ပြီး သွားလာနေသူ အအျိုးသမီးတစ်ဦး အပါအဝင် (၈) ဦးကို မြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် (၃) လချစီ ချမှတ်ခဲ့တယ်လို့ ရွှေဘိုမြို့မရဲ စခန်းမှူး ဒုရဲမှူးသိန်းဆန်းဦး က ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ(၂၂)ရက် မနက်အစော (၁၂)နာရီ(၄၅)မိနစ်ကျော်မှာ ရွှေဘိုမြို့နယ်စီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌ ဦးသောင်းဟိန်း၊ ရွှေဘိုမြို့မရဲစခန်းမှ ဒုရဲအုပ် သန့်ဇင်ဦး ဦးဆောင်သောရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိ သူတွေဟာ အမိန့်အမှတ်(၁၀/၂၀၂၀) ကို လိုက်နာခြင်း ရှိမရှိ စစ်ဆေးနေစဉ် အမှတ်(၄)ရပ်ကွက်၊ ဦးပေလုဇရပ် အနီးတွင် ဦးရှမ်း ၊ရန်ကြီးအောင်ပန်းခြံအနီးတွင် စံလင်းထွန်း၊ အောင်ကျော်ကျော်၊ အောင်ကိုဦး၊ အမှတ်(၁၀) ရပ်ကွက် သက္ကယ်တန်းချောင်းတံတား အနီးတွင် တိုးအောင်၊ အမှတ်(၁၀)ရပ်ကွက် မြို့ရှောင်လမ်းထိပ်အနီးတွင် ဂျက်မောင်မောင်၊ ဝင်းသက်နောင်နှင့် မချောစုခိုင်တို့ကို တွေ့ရှိခဲ့ရပြီး အဲဒီလို ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်ပြီး အကြောင်းမဲ့သွားလာနေသူ မချောစုခိုင် အပါအဝင် (၈)ဦးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရွှေဘိုမြို့နယ်တရားရုံးကို ဦးတိုက်လျှောက် တရားစွဲဆိုခဲ့တာ ဖြစ်သည်။
ညမထွက်ရအမိန့်ဖောက်ဖျက်ကျူးလွန်သူ မချောစုခိုင်အပါအဝင်(၈)ဦးကို မြို့နယ်တရားရုံးက ရာကြီး(၁၁၀၉-၂၀၂၀)နဲ့ လက်ခံစစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ အလုပ်နဲ့ ထောင်ဒဏ်(၃)လစီ ချမှတ်ခဲ့တယ်လို့ သိရှိရပြီး ရွှေဘိုမြို့တွင် မေလ(၅)ရက်နေ့မှ ယနေ့အချိန်ထိ ညမထွက်ရအမိန့် ဖောက်ဖျက် ကျူးလွန်သူ စုစုပေါင်း (၂၉)ဦးကို အရေးဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)