ဖြူး ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသားအရွယ်မှ စတင်ကာအသိပညာ ဗဟုသုတများ ရရှိစေပြီး အတွေးအခေါ်များ ရင့်သန်စေရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ဖြူးမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာလူငယ်စကားဝိုင်းကို ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက တက်ရောက် အမှာစကားပြောကြားသည်။ ထို့နောက်အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဖြူက ကျောင်းသားလူငယ်များအား လူငယ်စကားဝိုင်း ပြုလုပ်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ကျောင်းသားလူငယ်များ အသိပညာပိုမို တိုးတက်လာစေရန်၊ ပရိသတ်များ ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူ(၄)ဦးတို့က လူငယ်တို့၏ ခေါင်းဆောင်မှုစိတ်ဓါတ်၊ လူငယ်နှင့်စာနာမှု၊ လူငယ်များအတွက် တွန်းအား၊ ယနေ့လူငယ်များနှင့်အချိန် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။ အလားတူ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း စကားဝိုင်း၏ ခေါင်းစဉ်အလိုက် သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြား ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)