ကျွန်းစုမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ကျွန်းစု ဒီဇင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ဖွင့်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင် အသင်းများအား အုပ်စုခွဲ၍ ပြိုင်ပွဲဝင်စည်းကမ်းများ ချပြရှင်းလင်းခြင်းကို ယနေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ကျွန်းစုမြို့နယ်တွင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးနှင့် မြို့နယ်အသင်းတစ်သင်း ဖွဲ့စည်းနိုင်ရေးအတွက် ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် လဝက ဦးစီးမှူး ဦးဇော်ဝင်းအောင်က “ပြိုင်ပွဲတွင် ရပ်ဝေးမှ လာရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများမှ အပ မြို့နယ်အတွင်း အမှန်တကယ် နေထိုင်သူ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (၆/ကစန)ကိုင်ဆောင်သူများသာ  ကစားခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု မရှိသည့် ကစားသမားများအား မိမိအနေဖြင့် ဆောင်ရွက်ပေးသွားမည်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးဖြိုးဝေလင်းက ပထမဆုအား (၇)သိန်း၊ ဒုတိယဆုအား(၅)သိန်း၊ တတိယဆုအား (၃)သိန်း၊ စတုတ္ထဆုအား (၂)သိန်း ကျပ်နှင့် လည်ဆွဲဆုများ၊ တစ်ဦးချင်းအကောင်းဆုံးဆုများအား ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း နှင့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ကာ အသင်းများ အုပ်စုခွဲခြင်းကို မဲစနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ(၂၀)ရက်နေ့ မွန်းလွဲပိုင်းတွင် ဖွင့်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဒီဇင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် အဖွင့်ပွဲစဉ်ဖြင့် တီးပူအသင်းနှင့် လဲဝါပြင်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)