ကော့ကရိတ် ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ကော့ာကရိတ်မြို့၌ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံ၍ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းခြင်း အစည်းအဝေးကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ကျင်းပပြလုပ်သည်။
အစည်းအဝေးတွင် ကော့ကရိတ်မြို့နယ် အသင်းမှတ်ပုံတင်ရေးဥက္ကဌ ဦးကျော်ကျော်ဦးက မိမိမြို့နယ်တွင် အသင်းအဖွဲ့(၂၀)ခန့်ရှိပြီး အသင်းအဖွဲ့များသည် ပြည်သူ့ဝန်ဆောင်မှုများပေးသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့ဖြစ်ကြောင်း အသင်းအဖွဲ့များအနေဖြင့်ဝတ်စုံ၊ အမည်၊အမှတ်အသားဆင်တူယိုးမှား မဖြစ်စေရေး၊ အသင်းအဖွဲ့များ မှတ်ပုံတင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် ဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထိုနောက် ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်း အတွင်းရေးမှုးဦးမြတ်ထိုက်ဆွေက ဝတ်စုံကိစ္စ၊ ငွေစာရင်းရှင်းတမ်း၊ ပြည်သူများအား ၂၄ နာရီ ကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ရေး ဆောင်ရွက်သွားမည့် အခြေအနေနှင့် လုပ်ငန်းများပိုမို အောင်မြင်ရေးအတွက် ဌာနဆိုင်ရာအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေတို့အား ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဒေါနကြယ် လူမှုကူညီရေးအသင်း၊ ကျုံးဒိုးနာရေးကူညီမှုအသင်းတို့က ၄င်းအသင်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေတို့ကို ဆွေးနွေးပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ကော့ကရိတ်မြို့နယ် အသင်းမှတ်ပုံတင်ရေးအဖွဲ့ဝင်များနှင့် မှတ်ပုံတင်ပြီး အသင်းအဖွဲ့ (၁၀)ဖွဲ့တို့ တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်ဆက်)