ဘားအံ ဒီဇင်ဘာ ၁၅
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ဝန်ကြီချုပ်ဦးစောမြင့်ဦးက ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် လျာထားဆောင်ရွက်မည့် ပြည်နယ်၏ တည်ဆောက်ရေး၊ ဝယ်ယူရေးနှင့် အခြားစသည့် လုပ်ငန်းစီမံကိန်း/လုပ်ငန်းများတွင် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေအား ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိစေရေး စိစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပိုလျှံငွေများ ပြန်အပ်ရမှု ရှောင်ရှားနိုင်ရေး၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု နည်းပါးရေး၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းများ လျှော့ချရေး၊ ဒေသန္တရစီမံကိန်းလုပ်ငန်းစဉ်များနှင့် ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် (Quick-Win) အထောက်အကူပြုသည့် အသုံးစရိတ်များကိုသာ လျာထားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအသစ်ထက် မပြီးပြတ်သေးသည့် ဆောင်ရွက်ဆဲ လုပ်ငန်းများကို ဦးစားပေးလျာထားရန်နှင့် လုပ်ငန်းများ မထပ်စေရေး ပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် ပြည်နယ်၏ ရှေ့လုပ်ငန်းစဉ်(၈)ရပ်ကို စွမ်းရည်ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများကို လျာထားဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးချစ်ဝေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်အဆင့် ဌာန/အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်များ(အကျဉ်းချုပ်)ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရငွေအခြေအနေ၊ အသုံးစရိတ်လျာထားတင်ပြမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာန/အဖွဲ့အစည်းများမှ လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများအတွက် ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)