မုံးကိုး စက်တင်ဘာ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ယာယီကုန်စိမ်းဈေး၌ ကိုဗစ်၁၉ ရောဂါကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဈေးရောင်းချနိုင်ရေးနှင့် ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း ရောင်းချမှုရှိ/ မရှိတို့ကို ယနေ့ နံနက် ၈ နာရီချိန်ခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မြို့ကိုဗစ်၁၉ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီဉက္ကဌ၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်၊ စည်ပင်သာယာရေး ဦးစီးမှူးဦးမျိုးသူရကျော်နှင့်ဌာဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကုန်စိမ်းဈေးဆိုင်များ၌ ကုန်စိမ်းများရောင်းချမှုအခြေအနေကို လိုက်လံစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား သည်။
“ယာယီကုန်စိမ်းဈေးကို (၆)ပေအကွာနဲ့ စနစ်တစ်ကျနေရာချပေးထားသော်လည်း ယခုအခါမှာ ဈေးသည်တွေ ပူးကပ်ရောင်းမှုတွေနဲ့ လူသွားလမ်းပေါ် ကျူးကျော်ရောင်းချမှုတွေ ရှိနေတာကို စစ်ဆေးတွေ့ရှိရပါတယ်၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဈေးသည်တွေအနေနဲ့လည်း စည်းကမ်းတွေကို စနစ်တစ်ကျလိုက်နာရန်လိုအပ်တဲ့လို လိုအပ်တဲ့ကျန်းမာရေးလမ်းညွှန်ချက်နဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း မှာကြားခဲ့ပါတယ်”လို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က ပြောကြားသည်။
”ဈေးရောင်းချသူတွေဟာ တောင်ပေါ်ဒေသမှာရှိကြတဲ့ ကျေးရွာတွေကနေ ကိုယ်တိုင်စိုက်ပျိုးပြီး တစ်ပိုင်တစ်နိုင် လာရောက်ရောင်းချတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးလမ်းညွှန်ချက်တွေကို သိရှိနားလည်ပြီး လိုက်နာလာအောင် ပြောပြထားပါတယ်၊ ဥပဒေအရအရေးယူဖို့တော့ အခက်အခဲရှိပါတယ်”လို့ စည်ပင်ဦးစီးမှူး ဦးမျိုးသူရကျော်ကပြောကြားသည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ဈေးရောင်းချသူများနှင့်ဈေးဝယ်လာသူအများစုကနှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာမှုအားကောင်းခြင်းကိုလည်း စစ်ဆေးတွေ့မြင်နေရကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်ဆက်)