မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ Myanmar Fitness Dance ပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲ ကျင်းပ

မြိတ်  ဒီဇင်ဘာ  ၁၅

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရေးအတွက် ဘာသာရပ်ပေါင်းစုံ Myanmar Fitness Dance ပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်ပင်မဆောင်ရင်ပြင်၌ ကျင်းပခဲ့သည်။

မြိတ်တက္ကသိုလ်တွင် ပညာလာရောက်ဆည်းပူးကြသည့် ကျောင်းသား/သူများအား တက္ကသိုလ်ပညာ ဘာသာရပ်များ၊ သုတေသနဆိုင်ရာများကို သင်ကြားပေးသည့်အပြင် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရေးအတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲကို ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရေး၊ စိတ်ဓာတ် ကောင်းမွန်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် မြိတ်တက္ကသိုလ်၏အကျိုးမှသည် နိုင်ငံတော်၏အကျိုးကို ဝိုင်းဝန်း ဆောင်ရွက်နိုင်စေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်တက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ Myanmar Fitness Dance ပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲတွင် မြိတ် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အမှာစကားပြောကြားသည်။ ထို့နောက်  ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/သူ ပြိုင်ပွဲဝင်အသင်းများ Myanmar Fitness Dance (၇)ယောက်တွဲပြိုင်ပွဲ  ယှဉ်ပြိုင်ခဲ့ကြပြီး  Myanmar Fitness Dance ကကွက်များကို သရုပ်ပြ တင်ဆက်ခဲ့ကြသည်။

ဆက်လက်၍  သင်တန်း နည်းပြအား  ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင်၊ ဘာသာရပ် ပေါင်းစုံမှ Myanmar Fitness Dance ကြီးကြပ်သူ ဆရာမများနှင့် သင်တန်းသား/သူများအား  သင်တန်းဆင်းလက်မှတ်များ၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လည်ဆွဲဆုများကို  မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။ မြိတ်တက္ကသိုလ်၌ Myanmar Fitness Dance သင်တန်းကို သင်တန်းကာလ (၂)ပတ်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ကျောင်းသား/သူ(၉၀)ကျော် တက်ရောက်ခဲ့ကြကာ သင်တန်းဆင်းပွဲတွင် ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)