တောင်ငူ ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် တောင်ငူမြို့ ဇီးဒိုင်းကျေးရွာ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ဟင်္သာရွှေမြေ (ပဲခူးတိုင်းဒေသကြီး) တောင်သူလယ်သမားအဖွဲ့အစည်းတို့ပူးပေါင်း၍ သက်မွေးဝမ်းကျောင်းသင်တန်း ဖွင့်လှစ်သည်။
သင်တန်း၌ တိုင်းဒေသကြီးတောင်သူ လယ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်သူဇာခိုင်နှင့် တာဝန်ရှိသူများက သက်မွေးဝမ်းကျောင်းသင်တန်းပညာ(၅) မျိုးဖြစ်သည့် သဘာဝမြေဩဇာပြုလုပ်နည်း၊ EM အကျိုးပြု ဇီဝဆေးရည်ပြုလုပ်နည်း၊ ငါးအမိုင်နိုပြုလုပ်နည်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စုပေါင်းစီမံခန့်ခွဲမှုဆိုင်ရာများ၊ ကောက်ရိုးမှိုနှင့် ဗေဒါမှိုစိုက်ပျိုးနည်းတို့ကို ရှင်းလင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများနှင့်အတူ သင်တန်းဆိုင်ရာများအား လက်တွေ့ သရုပ်ပြပြုလုပ်ခဲ့ကြောင်းသိရသည်။
၄င်းသင်တန်းများကို ပဲခူးတိုင်းအရှေ့ခြမ်းရှိ တောင်ငူ၊ အုတ်တွင်း၊ ဖြူးမြို့နယ်များရှိ ကျေးရွာများတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ပဲခူးမြို့နယ်နှင့် ကဝမြို့နယ်တို့ရှိ ကျေးရွာဒေသများတွင် ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်