လှိုင်းဘွဲ ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် ကရင်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
“ကရင်အမျိုးသားအားလုံး လူမျိုး၊ဘာသာ၊ဒေသ၊အဖွဲ့အစည်းမရွေး မိမိတို့ကရင်အမျိုးသားရေး လက္ခဏာကို ထိန်းသိမ်းရန်၊ မတူကွဲပြားသော ကရင့်လက်နက်ကိုင်များ၊ ကရင့်နိုင်ငံရေးပါတီများအကြားတွင် စုစည်းညီညာသော ကရင့်အင်အားကို ခိုင်မာစေရန်၊ ကရင်လူတန်းစား အလွှာအသီးသီးပါဝင်သော ဆောင်ရွက်ချက်ဖြင့် ကရင်အမျိုးသား ယဉ်ကျေးမှု၊ စာပေ၊ စကား၊ ရိုးရာဓလေ့ထုံးစံ၊ ကရင့်သမိုင်း စသည်တို့ကို ပိုမိုတိုးတက်စေရန်နှင့် အထောက်အကူဖြစ်စေရန်၊ ကရင်ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုကို ကြီးမားသော အထောက်အပံ့ ဖြစ်စေရန်၊ ကရင်တစ်မျိုးသားလုံး စည်းလုံး ညွတ်ရေးအတွက် မျိုးစေ့ချမှတ်ပေးခဲ့သည့် ကရင်ခေါင်းဆောင်ကြီးများ၏ သမိုင်းအမွေအနှစ်ဖြစ်သော ကရင်နှစ်သစ်ကူးနေ့ကို ကမ္ဘာတည်သရွေ့ တည်တံ့အောင် သားစဉ်မြေးဆက် ထိန်းသိမ်းရန်၊ ကရင်အမျိုးသားများသည် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် လက်တွဲမပျက် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူရည်တူရှိခြင်း စသည့် လောကပါလ တရားနှင့်အညီ လက်တွဲညီညီ စုပေါင်းနေထိုင်ကြရန်နှင့် အနာဂတ်ကရင်မျိုးနွယ်ဆက်များ မိမိတို့၏ ကရင့်ဘဝဓလေ့နှင့် ကိုက်ညီသည့် ယဉ်ကျေးမှု၊ စာပေချစ်မြတ်နိုးပြီး ထိန်းသိမ်းမြင့်တင်လိုသော စိတ်များ ကိန်းအောင်းလာစေရန်” ရည်ရွယ်၍ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်ကို အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဒုံးအကပြိုင်ပွဲ၊ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၊ ဇာတ်သဘင်ပွဲတော်၊ တေးဂီတပွဲ၊ ကရင်အမျိုးသားရေး လှုပ်ရှားမှု သမိုင်းနှင့် ကရင်အမျိုးသား ယဉ်ကျေးမှုပြခန်း စသည့် ပျော်ပွဲရွင်ပွဲများကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)