စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်လှိုင်းကျေးရွာအုပ်စု ပေါင်းဆည်ကျေးရွာ မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာထူထောင်ခြင်းလုပ်ငန်းမှ နွားအကောင်ရေ(၅၀)အား ကာကွယ်ဆေးများထိုးနှံပေး

စလင်း ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ပေါင်းဆည်ကျေးရွာအား ၂၀၂၂_၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်အသားကဏ္ဍကျေးရွာထူထောင်ခြင်းလုပ်ငန်းမှ နွားအကောင်ရေ(၅၀)အား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အောက်လှိုင်းကျေးရွာအုပ်စု ပေါင်းဆည်ကျေးရွာအား မြစိမ်းရောင်(အသားကဏ္ဍ) ရံပုံငွေကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းပေးခဲ့ပြီး နိဝင်ဘာ ၂၄ ရက်နေ့က ရံပုံငွေလွှဲပြောင်းပေးအပ်ပွဲများပြုလုပ်၍  မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်သူရကြီးကြပ်မှုဖြင့်  ကျေးလက်နေပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန်အတွက် မြစိမ်းရောင်အသားကဏ္ဍကျေးရွာထူထောင်ခြင်းကို စတင်ဆောင်ရွက်ပေးခဲ့ပြီး အဖွဲ့များခွဲ၍ တိရစ္ဆာန်ဝယ်ယူရေးနှင့် အသားကဏ္ဍကြီးကြပ်မှုကော်မတီများနှင့် နွားမတစ်ကောင်လျှင် (၆) သိန်းကျပ်နှုန်းဖြင့် တောင်သူ(၅၀)ဦးတို့အား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေသထွက်နွားအကောင်ရေ(၅၀)ကောင်အား ဖြန့်ဖြူးရောင်းချပေးခဲ့ရာ အဆိုပါနွားများ ကျန်းမာသန်စွမ်းစေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်သူရနှင့် ဝန်ထမ်းများက နွားများတွင် အဖြစ်များဆုံးဖြစ်သည့်ခွာနာ၊ လျှာနာကာကွယ်ဆေးများထိုးနှံခြင်းနှင့်(နားကပ်)အမှတ်အသားပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)