မြဝတီမြို့၌ မြို့နယ်အဆင့် ကျောင်းသားအားကစားပွဲတော် ကျင်းပ

မြဝတီ ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် ကျောင်းသားအားကစားပွဲတော်ကို ၂၀၂၂ခုနှစ်၊  ဒီဇင်ဘာ လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း မြဝတီမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ ကျင်းပရာတွင် ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကာ မြဝတီမြို့နယ်အတွင်း ကျောင်းပေါင်းစုံမှ အသက် ၁၈ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ဆင်နွှဲခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲများမှ အနိုင်ရသူများနှင့်အနိုင်ရရှိသည့်အသင်းများမှ ပြည်နယ်အဆင့်တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်နယ်အဆင့် အနိုင်ရရှိသူများအနေဖြင့် ဗဟိုအဆင့်အထိ သွားရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်မှုများအား မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး နှင့်ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများက ပွဲစဉ်အလိုက် ကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)