လိပ်သို ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်းတို့ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေဖတ်ရှုခြင်းဖြင့် အသိပညာ တိုးတက်စေသည့်အတွက် ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်သို့ လာရောက်၍ စာပေများလေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် ဉာဏ်ရည် ဉာဏ်သွေးများ မြင့်မားလာပြီး အတွေးအခေါ်အယူအဆများ တိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများစွာကို ရရှိစေရန် ယခုလို ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အထွေထွေ ဗဟုသုတ သိမှတ်စရာများ အသိပညာပေး နံရံကပ်စာစောင်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်များ ဆောင်ရွက်ထားရှိမှုများကို ပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)