ဟားခါး ဒီဇင်ဘာ ၁၄
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁၀) ဘီလီယံနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၂၀၀၀) ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကိုဗစ်−၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သောစီးပွားရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ပြန်လည်မြှင့်တင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လွှဲအပ်ပေးခဲ့သော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁၀) ဘီလီယံဖြင့် ချင်းပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူလူထုတို့၏ အကျိုးစီးပွားတိုးတက်စေရေးအတွက် မည်ကဲ့သို့သုံးစွဲ၍ အရင်းမပျောက် မတည်ရန်ပုံငွေ ဖြစ်သည့်အတွက် မည်ကဲ့သို့ ချေးငွေထုတ်ချေးပေးသင့်သည်ကို အလေးနက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဖြစ်နိုင်သောလုပ်ငန်းများကို မဆောင်ရွက်ဘဲ အမှန်တကယ် ဆောင်ရွက်မည့်လုပ်ငန်းများကို ရွေးချယ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မကြာမီအချိန်ကာလမှာ ချေးငွေအမှန်တကယ် ထုတ်ချေးပေးမည်ဖြစ်၍ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ကျေးရွာကော်မတီများနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများအနေဖြင့် လုပ်ငန်းအောင်မြင်အောင် ကြိုးစားအားထုတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ချေးငွေထုတ်ချေးပေးသည့်အချိန်မှစ၍ ချေးငွေအပြေအကျေ ပြန်လည်ပေးဆပ်ပြီးသည်အထိ အားလုံးတွင်တာဝန်ရှိပါကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံး၊ လုပ်နည်း၊ ညွှန်ကြားချက်များရှိထား ပြီးသားဖြစ်သလို ချေးငွေသက်တမ်းကာလမှာလည်း လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားပြီးသားဖြစ်သဖြင့် ဒေသနှင့်ကိုက်ညီပြီးမြန်ဆန်စွာ အမှန်တကယ်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကိုသာ စီမံဆောင်ရွက်ကြရန်လိုကြောင်း တင်ပြဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို အသီးသီး ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်စီမံကိန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးတို့က ချေးငွေနှင့်ပတ်သက်၍ အထက်ဌာန၏ ညွှန်ကြားချက်များ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ချေးငွေအတိုးနှုန်းတွက်ချက်မှုများကို အကြံပြုဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က ဖြည့်စွက် တင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
မောင်ထွန်းတောက်
ခရိုင်ရုံး၊ ဟားခါးမြို့