ကော့သောင်း ဒီဇင်ဘာ ၁၅
ကော့သောင်းမြို့တွင် အရှေ့လေပြင်းများ ရုတ်တရက်တိုက်ခတ်မှုကြောင့် အပင်များကျိုးကျကာ သီရိမြိုင်ရပ်ကွက် အဝေးပြေးကားဝင်း ခရီးသည်များ နားနေဆောင် အဆောက်အဦး ပျက်စီးခဲ့သည့်ဖြစ်စဉ် ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ပိုင်းကတည်းက ကော့သောင်းမြို့တွင် အရှေ့လေများ အဆက်မပြတ် တိုက်ခတ်လျက်ရှိရာ နံနက်(၉)နာရီခန့်အချိန်တွင် အရှေ့လေတိုက်ခတ်မှု ရုတ်တရက် ပြင်းထန်စွာ တိုက်ခတ်ခဲ့ရာ သီရိမြိုင်ရပ်ကွက် အဝေးပြေးကားဝင်းအတွင်း ခရီးသည်များ နားနေဆောင် အနောက်ဖက်ရှိ လုံးပတ်(၇)ပေခန့် အရှည် (၄၅)ပေခန့်ရှိသည့် သရက်ပင်အိုကြီးတစ်ပင် လဲပြိုကာ ခရီးသည် (နားနေဆောင်)တစ်လုံးနှင့်လည်းကောင်း ခရီးသည်နားနေဆောင်နှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် ကောင်းသစ်စံ မှန်လုံကားဂိတ်ရုံးခန်းသွပ်မိုး အုတ်ကာ ကွန်ကရစ်ခင်း တစ်ထပ်ဆောင်တစ်လုံးတို့၏ ခေါင်မိုးပေါ်သို့ ပိကျပြီး ပျက်စီးခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အဆောက်အဦးအတွင်းရှိ မော်တော်ဆိုင်ကယ်တစ်စီး ပိမိပျက်စီးခဲ့ရပြီး လူထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ၏ စီစဉ်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် လိုအပ်သည့် ကူညီရှင်းလင်းမှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)