ဒေးဒရဲ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကျေးရွာအုပ်စုအလိုက် ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်သွားရန်၊ ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းများအား ပူးပေါင်းအဖွဲ့များဖြင့် အရှိန်မြှင့် ဆောင်ရွက်သွားရန်၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ရပ်ကွက်ကျေးရွာအလိုက် ဆောင်ရွက်သွားရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးများ စိုက်ပျိုးမည့် လုပ်ငန်းများကို အချိန်မီပြီးစီးရေး အနီးကပ်ကြီးကြပ်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာများက ကန်ထရိုက်လယ်ယာစနစ်ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ဓာတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးမည့် အခြေအနေများ၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမည့် အခြေအနေများနှင့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ထောက်ပံ့ပေးမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဖြည့်စွက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အေဇာလင်း