ကျောက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

 ကျောက်ကြီး ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် အ.ထ.က (ခွဲ) ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုလွင်က သဘာဝကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ် နှစ်မျိုးရှိကြောင်း၊ မိမိတို့ဌာနအနေနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးသွားသူများအား၊ မြေမြုပ်မိုင်းကြောင့် အသက်သေဆုံးသူ များ၊ ကိုယ်အင်္ဂါစွန့်လွှတ်လိုက်ရသူများအား လတ်တလော စားဝတ်နေရေး အဆင်ပြေသက်သာစေရန်ထောက်ပံ့ပေးခြင်းနှင့် သဘာဝဘေးတွေကြောင့် လူတွေရဲ့ အသက်အိုးအိမ်များဆုံးရှုံးမှုမရှိအောင်၊ သဘာဝဘေးဖြစ်ခဲ့ရင်လဲ ဆုံးရှုံးမှုသက်သာအောင် နည်းပါးအောင် စီမံဆောင်ရွက်ပေးခြင်း စသည့်ရည်ရွယ်ချက်နှစ်မျိုးရှိပြီး၊ လုပ်ငန်းတာဝန် (၆) ရပ်ဖြင့် လူတွေ့ရဲ့အသက်အိုးအိမ်တွေကို ကူညီကယ်တင် ဆောင်ရွက် ပေးလျက်ရှိကြောင်း ဟောပြောဆွေးနွေးပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်နွယ်နီစိုးက သဘာဝဘေးအန္တရာယ် (၉) မျိုးရှိကြောင်းနှင့် သဘာဝ ဘေးအန္တရာယ်၊ လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး သိကောင်းစရာများ အား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားအား အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၀)ခန့် တက်ရောက်ခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)