ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၁၅

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ် နီနီရွှေက ကျား/မရေးရာ (Gender) ဆိုသည်မှာ စတင်မွေးဖွားသည်မှစ၍ ယောက်ျား/မိန်းမ ဟု စတင်ပုံသွင်းခံရခြင်းဖြစ်ကြောင်း၊ ကျား/မရေးရာအကြမ်းဖက်မှု အမျိုးအစားများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အန္တရာယ်ဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အကြမ်းဖက်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်း၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှု၏ အကျိုးဆက်များအား ရှင်းလင်းဆွေးနွေးပြီး ကျား/မ အခြေပြု အကြမ်းဖက်ဖြစ်ပွားပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိ ဦးမင်းမင်းမောင်က အမျိုးသမီးများ အကြမ်းဖက်မခံရ‌အောင် ကြိုတင်ကာကွယ်ရန် ဗဟုသုတများနှင့်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရပါကကျ‌ရောက်မည့်ပြစ်မှု ပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး‌ဟောပြောပွဲသို့ ကြယ်စင်ရတနာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၅၀) ဦး တက်ရောက်ခဲ့ကြပြီး တာ၀န်ရှိသူများက ကျောင်းသား/သူများအား မေးခွန်းများမေးမြန်းခဲ့ရာ အကောင်းဆုံးဖြေဆိုနိုင်သည့် ကျောင်းသား/သူများအားဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)