မကွေး ဒီဇင်ဘာ ၁၅
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ မြို့ဝင်မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့ဝင်မုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးမြို့၊ မြို့ဝင်မုခ်ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ မြို့ဝင်မုခ်ဦး ကမ္ဗည်းမော်ကွန်းကျောက်စာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ဝင်မုခ်ဦးကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး မုခ်ဦးရှေ့တွင် စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင်မုခ်ဦးပုံပါ ပန်းချီကားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကပြဖျော်ဖြေခဲ့ကြသည့် မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့၊ မြို့ဝင်မုခ်ဦးအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ မြို့ဝင်မုခ်ဦးသည် မကွေးတိုင်းဒေသကြီး၏ အဓိကထွက်ကုန် သဘာဝသယံဇာတ၊ လူနေမှုအဆင့်အတန်းနှင့် မကွေး၏ရေမြေလက္ခဏာ၊ သဘာဝပတ်ဝန်းကျင်၊ နောင်လာမည်နှစ်များ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတို့ကို မျှော်မှန်း၍ ၎င်းတို့ကိုကိုယ်စားပြု ထင်ဟပ်ပြသနိုင်မည့် ပြယုဂ်အဖြစ်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ မြို့ဝင်မုခ်ဦးသည် ရန်ကုန်-ပြည်-မကွေး-မန္တလေး လမ်းမကြီး(မိုင်တိုင် ၃၃၂/၁ နှင့် ၃၃၂/၂ ကြား တည်ရှိကာ ပင်မမုခ်ဦး (၇၀ ပေ× ၄၉ ပေ) မုခ်ပရဝုဏ်(၁၃၀ ပေ)ရှိကာ၊ ယာဉ်သွားလမ်းအကျယ်(၄၈)ပေ၊ ယာဉ်များကင်းလွတ်အမြင့်(၂၈)ပေရှိ သံကူအားဖြည့်ကွန်ကရစ်အမျိုးအစားဖြင့် (၁၄-၁၁-၂၀၂၁) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး (၃၀-၁၁-၂၀၂၂) ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့ဝင်မုခ်ဦး တည်ဆောက်မှုအပြင် မကွေးမြို့ရှိ ဒေသခံပြည်သူများစိတ်ချမ်းမြေ့သာယာစွာ အနားယူအပန်းဖြေနိုင်ရေး၊ ကိုယ်လက်လှုပ်ရှားအားကစားလာရောက်ပြုလုပ်သူများနှင့် ဒေသခံပြည်သူများ သန့်ရှင်းသော လေကောင်းလေသန့်များရရှိခံစားနိုင်ရေးအတွက် ကန်သာကန်အား အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ညီညာ