တောင်ငူ၌ သမိုင်းဝင်မြတ်စောညီနောင်ဘုရား နောင်တော်စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ငူ ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ရှိ သမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်က နောင်တော်စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သြဝါဒစရိယ ဆရာတော်ဘုရားကြီးများ၏ ဆုံးမလမ်းညွှန်မှုအတိုင်း ရွှေသက်န်းကပ်လှူ ပူဇော်မည့် ရွှေဆိုင်းများအနေဖြင့် အရည်အသွေးပြည့်ဝသော ရွှေစင်၊ ရွှေသားများဖြစ်ဖို့ လိုအပ်ပါကြောင်း၊ ထို့အတွက်ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြင့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအလိုက် အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး တင်ပြဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သမိုင်းဝင်မြတ်စောညီနောင်ဘုရားမှ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)