ချောင်းသာ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ မြို့အုပ်ချုပ်ရေးမှူးဖလား သဲသောင်ပြင် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက Azura Hotel ရှေ့ ကမ်းခြေသဲသောင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်သူဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ချောင်းသာကမ်းခြေဒေသကို အားကစားနှင့်ခရီးသွားစျေးကွက် မြှင့်တင်ခြင်းဖြစ်ကြောင်း၊ အားကစားလှုပ်ရှားမှုကြောင့် ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု၊ ခန္ဓာကိုယ်စနစ်တကျ လှုပ်ရှားနိုင်မှု၊ အားအင်ပြည့်ဖြိုးပြီး ကျန်းမာကြံ့ခိုင်မှုစသည့် ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှုများအပြင် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း အားကစားသမားများအနေဖြင့် သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုထားပြီး ရိုးသား၊ ကြိုးစား ဧရာဝတီသားဆိုသည့် ဆောင်ပုဒ်အား လက်ကိုင်ထားပြီး ကြိုးစားယှဉ်ပြိုင်ကြရန်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းချီတက်၍ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌတို့အား အလေးပြုခဲ့ကြသည်။
ဆက်လက်၍ ပုသိမ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးက ပြိုင်ပွဲအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က လက်ခံရယူခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နုတ်ဆက်ခဲ့ကြသည်။
အဆိုပါ သဲသောင်ပြင် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲတွင် ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ဟိုတယ်ဇုန်များပါဝင်သော အဖွဲ့များဖြင့် ဘောလုံးပြိုင်ပွဲတွင် (၁၀)သင်း၊ ဘော်လီဘောပြိုင်ပွဲတွင် (၆)သင်းတို့ဖြင့် ဒီဇင်ဘာ(၂၀)ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းများအား ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)