ကျုံပျော် ဒီဇင်ဘာ ၁၅
ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဂနိမ်းကျေးရွာ၊ ဝဏ္ဏဂုဏ နန္ဒဂုဏ်ရောင် ဓမ္မာရုံအတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းတို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့်ပညာရေး ဆိုင်ရာကိစ္စရပ်များ ကိုလည်းကောင်း၊ ဌာနဆိုင်ရာများမှ SME အသေးစား၊ အလတ်စားချေးငွေကိစ္စရပ်များ၊ ဆောင်းသီးနှံနေကြာ စိုက်ပျိုးရေးကိစ္စ၊ စိုက်ဘဏ်ချေးငွေ ကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စာရင်း(၆၆/၆) ပြုလုပ်နိုင်ရေး၊ လူကုန်ကူးမှု၊ မှုခင်းဆိုင်ရာ၊ သက်ငယ်မုဒိမ်းမှုဆိုင်ရာ ကိစ္စများကိုလည်းကောင်း အသီးသီးဆွေးနွေးကြသည်။
ထို့အပြင် ကျေးရွာအုပ်စုအတွင်း လုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ကျေးရွာအလိုက်၊ နေအိမ်အလိုက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နိုင်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိစ္စများ၊ တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုရန်ကျန်ရှိသူများ ရာခိုင်နှုန်းပြည့်ဖြေ ဆိုနိုင်ရေး၊ ပွင့်လင်းရာသီတွင် မီးဘေးကြိုတင် ကာကွယ်ရေး၊ နေကြာ၊ နွေစပါး၊ ပဲတီစိမ်း စိုက်ပျိုးရာတွင် Contract Farming ဆောင်ရွက်မှု၊ ထင်းမီးသွေး သုံးစွဲမှုကြောင့် တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရန် ထင်းမီးသွေးအစားထိုး စပါးခွံသုံး လောင်စာတောင့် ထုတ်လုပ်သုံးစွဲမှု စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားပြီး၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကလေးငယ်များအား ဒုတိအကြိမ် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ကြောင်းကြီး(၅)ကြောင်းတွင် အုပ်ချုပ်ရေး၊နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းများပါဝင်ပြီး၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်သူ့စကားသံနှင့် တင်ပြလာမှုများအပေါ် အကူအညီပေးနိုင်ရေးအတွက် ကွင်းဆင်း၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)