လေးမျက်နှာ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာအုပ်စုနှင့် ခုံကြီးကျေးရွာ အုပ်စုချင်းဆက် ခတ္တူ-ခုံကြီးသစ်သားတံတားကို သံကူကွန်ကရစ် နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါတံတားသည် ငဝန်မြစ်မှခွဲထွက်လာသော မြစ်ပေါက်တစ်ခုဖြစ်၍ ၎င်းကိုဖြတ်ကျော်၍ လေးမျက်နှာ - ပန်းတောကြီး ကားလမ်းမကြီးနဲ့ ဆက်သွယ်ပေးထားသော တံတားတစ်ခုဖြစ်ပြီး အရှည်ပေ ၂၂၀၊ အကျယ် ၂၀ ပေရှိ Bored pile အုတ်မြစ်သံကူကွန်ကရစ် အမျိုးအစားဖြစ်ကာ ယာဉ်တစ်စီးချင်း ၄၈ တန် ခံနိုင်ဝန်ရှိကြောင်း၊ ယခုအခါ၌ Soil test (မြေစမ်းသပ်ခြင်း) လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ မြေစမ်းသပ်ပြီးပါက တံတားDesign ပုံစံရေးဆွဲပြီးနောက် လာမည့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ (၁၈၃) သန်းဖြင့် ကျခံ၍ ပထမပိုင်းအဖြစ် လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တံတားကြီးတည်ဆောက်ပြီးစီးသွားပါက အကျိုးပြုကျေးရွာ(၁၈)ရွာ၊ အိမ်ခြေ(၂၆၃၈) အိမ်၊ လူဦးရေ(၁၁၅၂၂)ဦးခန့် အကျိုးနိုင်ကြောင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးမြင့်လင်းထံမှ သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)