မုံရွာ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မုံရွာမြို့သလ္လာ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဌာနခွဲတာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် စားသုံးဌာနခွဲ တာဝန်ခံအရာရှိက ဌာန၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ စားသုံးသူများ နစ်နာမှုရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်မှုများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ထုတ်လုံဌာနခွဲမှ ဒုတိယဦးစီးမှူးဒေါ်ခင်မာချိုက စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့် တာဝန်များအကြောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြရာ ကျောင်းသား ကျောင်းသူလေးများ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပြီးနောက် သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက အသိပညာပေး လက်ကမ်းစာစောင်များအား တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူလေးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)