ဘိုကလေး ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် ရေလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုလျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာမြေများဖြင့် စပါးစိုက်ပျိုးခြင်းကို အဓိကထားဆောင်ရွက်ကြပြီး အပိုဝင်ငွေရရှိရေးအတွက် ဥယျာဉ်ခြံမြေများတွင် ဟင်းသီးဟင်းရွက်များနှင့် သစ်ပင်ပန်းမန်များ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်ကြသည့်အနက်တွင် ဇော်ကြားပန်းနှင့် ဇော်စိမ်းပန်းပင် စိုက်ပျိုးသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိပြီး အပိုဝင်ငွေများ ရရှိလျက်ရှိသည်။
ဇော်စိမ်းပန်းနှင့် ဇော်ကြားပန်းသည် ဇီဝမျိုးတူညီမှုရှိပြီး ဇော်စိမ်းပင်မှာ အရွက်ရောအပင်ပါ အစိမ်းရောင်ရှိ၍ ဇော်ကြားပင်များ၏အရွက်မှာ အစိမ်းပေါ်မှ အဖြူ၊ အဝါကြားရှိသည့် ပုံသဏ္ဍာန်ဖြစ်သည်။
၎င်းပန်းပင်များသည် အပွင့်မပွင့်သော်လည်း စိမ်းလန်းနေသော အရောင်အသွေးတို့မှာ စိတ်ကိုရွှင်လန်းစေသည့်အပြင် ကြာရှည်စွာ အထားခံသဖြင့် လူကြိုက်များ၍ အမြဲရောင်းအား ကောင်းလျက်ရှိကြောင်း ပန်းစိုက်သူများ ထံမှ သိရသည်။
ဇော်စိမ်းနှင့် ဇော်ကြားပင်များစိုက်ပျိုးရာတွင် မြေမရွေး၊ ရာသီဥတု မရွေးသည့်အပြင် အညွှန့်အတက်တို့ကို မြေကြီးထဲ ထိုးစိုက်ထားရုံနှင့် အပင်ရှင်သန်နိုင်ကြောင်း၊ မြေအနက်(၆)လက်မ၊ အကျယ်(၃)ပေ၊ အရှည်ပေ(၂၀)တူးပြီးနောက် မြေဆွေး၊ နွားချေး၊ သဲ၊ နုန်း၊ မြေတို့ကို ဆတူရော၍ မြေမျက်နှာပြင်အထက် (၆)လက်မအမြင့်ရှိသော ပေါင်းလုပ်ပြီးလျှင် တစ်ပင်နှင့် တစ်ပင်(၆)လက်မ အကွာထား၍ စိုက်ပျိုးနိုင်ကြောင်း၊ တစ်ကြိမ်စိုက်ထားရုံဖြင့် အကြိမ်ကြိမ် ဆွတ်ခူးလှီးဖြတ်၍ ရောင်းချနိုင်ကြောင်း ဘိုကလေးမြို့နယ်အတွင်းရှိ ပန်းစိုက်သူများထံမှ သိရသည်။
ရောင်းတန်းဝင် ပန်းပင်များဖြစ်လာပါက အရှည်(၁)ပေသာသာ ဖြတ်တောက်၍ နီးစပ်ရာ ဈေးကွက်များသို့ ပန်းပင်(၅)ခက်ပါ တစ်စီးလျှင် ငွေကျပ်(၄၀၀)မှ (၅၀၀)ခန့်အထိ ဈေးကောင်းရရှိ ရောင်းချနိုင်ကြောင်းသိရပြီး ပန်းပင်စိုက်ပျိုးရန်အရင်းအနှီး နည်းပါးသည့်အပြင် စိုက်ခင်းအား တယုတယ ဂရုစိုက်စရာမလိုသော ဇော်စိမ်းပန်းနှင့် ဇော်ကြားပင် စိုက်ပျိုးကြသူများသည် ပင်မအသက်မွေးဝမ်းကြောင်းသည့် လုပ်ငန်းမှ ရရှိသောဝင်ငွေအပြင် အပိုဝင်ငွေများ ရရှိနေကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)