ဟင်္သာတ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ခေတ်သည် ပညာခေတ်၊ နည်းပညာအသုံးချသည့် ခေတ်ဖြစ်သည့်အားလျော်စွာ ကွန်ပျူတာပညာရပ်သည် လူမူ့ဘဝတစ်လျောက်လုံးအတွက် အရေးပါကြောင်း၊ မောင်မယ်တို့အနေဖြင့် ဘဝရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်စွာဖြတ်သန်းကြပြီး နောင်တစ်ချိန်တွင် မိမိဘဝကောင်းကျိုး၊ ပတ်ဝန်းကျင်ကောင်းကျိုးနှင့် အမိမြန်မာနိုင်တော်ကြီး၏ ကောင်းကျိုးများကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည့် အဆင့်မြင့်ကွန်ပျူတာပညာရှင် လူငယ်မောင်မယ်များ ဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း” စသည်ဖြင့်တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူဟောင်းများ ကိုယ်စားစတုထ္တနှစ် ကွန်ပျူတာသိပ္ပံမှ မောင်ဇင်မင်းထွန်းက ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် ကျောင်းသား ကျောင်းသူများက အဆို အက အတီးများဖြင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဆက်လက် ဖျော်ဖြေခဲ့ကြသည်။
နေ့လည်ပိုင်းအခမ်းအနား ဒုတိယပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် ဟင်္သာတကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Princess အဖြစ် မဝသုန်ဝင့်သူကို လည်ကောင်း၊ Prince အဖြစ် မောင်ဟန်ထူးဇော်ကိုလည်းကောင်း၊ King အဖြစ် မောင်သီဟသတ္တိ ကိုလည်းကောင်း၊ Queen အဖြစ် မရွှေစင်မြင့်မြတ်ဦး တို့ကိုလည်ကောင်း ဘုတ်တင်စနစ်ဖြင့် ရွေးချယ်ခဲ့ကြပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်နှင့် တာဝန်ရှိသူများက စလွယ်နှင့် အဆောင်အယောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားတွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို အနုပညာအသင်းဥက္ကဋ္ဌ ဒေါက်တာချယ်ရီထွန်းမှ လည်းကောင်း၊ သင်တန်းနှစ်များအလိုက် ထူးချွန်ဆုရရှိကြသူများကို တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။ ယနေ့အထိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ပထမနှစ်ကျောင်းသား ကျောင်းသူ ၁၁၀ ဦးနှင့် ပထမနှစ်မှ ပဥ္စမနှစ်ထိ စုစုပေါင်း ၄၄၃ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ