အုတ်ဖို ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.မ.က ပန်တင်ကျောင်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူကာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က လူငယ်ရေးရာခေါင်းဆောင်မှုဆိုင်ရာများကို ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး အသိပညာပေး ဟောပြောသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများနှင့်အတူ ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ ဆက်)