ရှမ်းရွာသစ် ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ မိုးနှောင်းကာလတွင် တောင်သူများအတွက် စီးပွားဖြစ် စိုက်ပျိုးနိုင်သည့် သီးနှံတစ်မျိုးဖြစ်သော နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးထားရာ ယခုအချိန်တွင် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
နှမ်းသီးနှံစိုက်ပျိုးရာတွင် မြေကိုညက်အောင် ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ နှမ်းမျိုးအနေဖြင့် (၂)ပြည်ခန့်အသုံးပြုရကြောင်း၊ စိုက်ပျိုးပြီး (၂၅)ရက်အကြာတွင် ပေါင်းပင်များနှုတ်ခြင်း၊ မြေဆွပေးခြင်းနှင့် နှမ်းသားခွဲခြင်းလုပ်ငန်းများနှင့် မြေဩဇာကျွေးခြင်းများဆောင်ရွက်ပေးရကြောင်း၊ နှမ်းတစ်ဧကတွင် အပင်အပြုအစု၊ ရာသီဥတုနှင့် မြေအမျိုးအစားပေါ် မူတည်၍ တစ်ဧကတွင် (၁၄)တင်းမှ (၂၀)တင်းထွက်ရှိကြောင်း၊ မိုးနှောင်းနှမ်းစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ် သက်သာပြီး တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းနှင့် တွဲဖက်ကာ စိုက်ပျိုးနိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ နှမ်းစိုက်ပျိုးရာတွင် ပက်ကြဲသည့် စနစ်ထက် ပေါင်စနစ်ဖြင့် တန်းချစိုက်ပျိုးသည့် စနစ်သည် ကုန်ကျစရိတ်သက်သာကြောင်း၊ နှမ်းစိုက်ပျိုးခြင်းသည် တောင်သူဦးကြီးများအတွက် စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်အပြင် ဒေသအတွက် လိုအပ်လျက်ရှိသာ စားသုံးဆီ ဖူလုံရေးအတွက် နှမ်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း၊ ကာလပေါက်ဈေးအရ တစ်တင်းကို ငွေကျပ် (၈၀၀၀၀)ခန့် ရှိသောကြောင့် အပိုဝင်ငွေရရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉) အုပ်စုရှိရာ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့်အပြင် ၎င်းလုပ်ငန်းများနှင့်တွဲဖက်၍ နှမ်းစိုက်ပျိုးခြင်း၊ မြေပဲစိုက်ပျိုးခြင်း၊ ကြံစိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)