နတ်တလင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

နတ်တလင်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယ​နေ့နံနက် ၉နာရီအချိန်က အ.လ.က ကျောင်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးက  ကျောင်းသား ကျောင်းသူများအား လူငယ်များနှင့်ပက်သက်သည့် ဗဟုသုတအကြောင်းအရာများ၊ စာဖတ်စေခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကို အသုံးချတတ်လာပြီး စာဖတ်သည့်အလေ့အထကောင်းများ ရရှိလာနိုင်ခြင်းတို့ကို ဟောပြောပြီး၊ ဘုတ်ပြားပြဇာတ်ဖြင့်ပုံပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် ဝန်ထမ်းများမှရုပ်ပုံပါစာအုပ်​ဖြင့် ပုံပြင်ပြောခြင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်၊ စာစောင်များကို ဖတ်ရှုစေခြင်းအပြင် စာအုပ်များအား ရက်သတ္တပတ်နှစ်ပတ်ကြာငှားရမ်းပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မသန်စွမ်းသူများအခွင့်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာ‌စောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ ဆက်)