သရက်ချောင်း ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များ အဓိကထား စိုက်ပျိုးလျက်ရှိရာ နှစ်တိုသီးနှံပင်ဖြစ်သော ငှက်ပျောပင်များကိုလည်း မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။
သရက်ချောင်းမြို့နယ်၌ ငှက်ပျောပင်များသည် ရာသီမရွေး အသီးသီးကာ နွေရာသီအချိန်တွင် အသီးများ အနည်းငယ်သေးပြီး မိုးရာသီနှင့် ဆောင်းရာသီတို့တွင် အသီးများ ပိုကြီး၍ အထွက်နှုန်းကောင်းသည့်အတွက် ကာလတိုသီးနှံအဖြစ် စိုက်ပျိုးကြပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ငှက်ပျောပင်အမျိုးမျိုး စိုက်ပျိုးလျက်ရှိပြီး အဆိုပါ ငှက်ပျောပင်များ စိုက်ပျိုးပြီး (၈)လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး (၁၀)လခန့်တွင် ငှက်ပျောခိုင် အရင့်များ ဆွတ်ခူးကာ မြို့ပေါ်ဆိုင်များကိုသာမက သရက်ချောင်းမြို့ရှိ ငှက်ပျောသီးအဝယ်တိုင်များထံ တင်ပို့ရောင်းချကြပြီး ငှက်ပျောသီးအမျိုးမျိုးရှိပြီး တစ်ဖီးလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ စျေးကောင်းရရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူတစ်ဦးထံမှ သိရသည်။
သားကြီး(သရက်ချောင်း)