ပခုက္ကူ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းဖြင့် ကျည်းပင်ခုံကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုကို ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်နိုင်လင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းနှင့် ဝန်ထမ်းများက ရှားပင်ကျေးရွာအုပ်စု၊ ကျည်းပင်ခုံကျေးရွာ၌ အရှည်ပေ ၆၂၀၊ အကျယ်သုံးပေ၊ အမြင့်ခြောက်လက်မရှိ ကျေးရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းများ စံချိန်စံညွှန်းအရည်အသွေးများနှင့်ကိုက်ညီမှုရှိရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
အဆိုပါကျည်းပင်ခုံကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် စက်တင်ဘာလ ပထမပတ်ကလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)