သရက် ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ငလျှင်ဘေးသဏ္ဍန်တူ ဇာတ်တိုက်ဆောင်ရွက်နိုင်ရေးအကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးက ငလျှင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် ရှေ့ဦးစောင့်ရှောက်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက် ပေးမည့် မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပါရန် ပြောကြားပေးခဲ့သည်။
ထို့နောက် ကြက်ခြေနီတပ်ဖွဲ့မှ ငလျှင်ဘေးသဏ္ဍန်တူ လေ့ကျင့်ရန်ဆောင်ရွက်သည့်အခါ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ပေးရန်နှင့် အသိပညာပေးဟောပြောပွဲတွင် ငလျှင်ဘေးသဏ္ဍန်တူ ဆောင်ရွက်နိုင်အောင် သရုပ်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာကြီးက ကျောင်းသား၊ ကျောင်းသူများအား အဆင်ပြေအောင်နေရာချထားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နေရာချထားရန်လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေး တင်ပြပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)