လပွတ္တာ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရွေးနဒီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအေးကြိုင်က ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ အငြင်းပွားမှုများ၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်းနိုင်ရန် အတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ ကော်မတီများ၏ လုပ်ငန်း တာဝန်များအကြောင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ အကြောင်းများ၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ ရည်ရွယ်ချက်များ ပြောကြားကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူးက မဲဆွယ်စည်းရုံးကာလ ရက်ပေါင်း (၆၀)တွင် မဲဆွယ် စည်းရုံးခြင်း ကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များအတိုင်း ပြုလုပ်ဆောင်ရွက်ရန် နှင့် ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ အကြောင်းအရာများအား ထပ်ဆင့်ဆွေးနွေး ပြောကြားပြီး တက်ရောက် လာသူများက အကြံပြုဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည် ဖြေကြား ဆွေးနွေးပေးခဲ့သည်။
အဆိုပါ အခမ်းအနားကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် မြို့မိ မြို့ဖများ တက်ရောက်ကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာ)