ထားဝယ် ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရို်င်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ လူမှုစီးပွား ရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ အစိမ်းရောင် စီးပွားရေးဆိုင်ရာ မူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် စသည့်လမ်းညွှန်ချက်များကိုအခြေခံ၍ ထားဝယ်ခရိုင်အတွင်းရှိ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေသည့် (သို့မဟုတ်) လျော့နည်းသက်သာစေသည့် အစီအမံများအား မိမိဒေသနှင့် ကိုက်ညီသည့် စံသတ်မှတ်ချက်၊ လမ်းညွှန်ချက်များချမှတ်ပြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေးတွင် ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည်ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာမှုပြဿနာ၊ ရာသီဥတုပြောင်းလဲလာမှုပြဿနာ၊ စွန့်ပစ်ပစ္စည်းများ တိုးပွားလာမှုပြဿနာ စသည့်ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ထိုကဲ့ သို့သောပြဿနာများကို ဖြေရှင်းရန်အတွက်မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်း အစီအစဉ်များ ချမှတ်ကာအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည်လည်း ပါဝင်ဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ အမျိုးသားရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်ဆိုင်ရာ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ၊ အစိမ်းရောင်စီးပွားရေး ဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများ၊ ပင်မလုပ်ငန်းစဉ်များနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီကဏ္ဍ အသီးသီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်များကို ဟန်ချက်ညီညီ ပေါင်းစပ် ဆောင်ရွက်နိုင်မှသာအောင်မြင်မည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် အတွင်းရေးမှူးဦးသန်းဇော်ထွေးက ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှု ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်ဆွေးနွေးဆုံးဖြတ်ရန် အဆိုပြုချက်များအားရှင်းလင်း တင်ပြရာ ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ်တွင် ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ ဥက္ကဋ္ဌ ကညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)