ဘားအံ ဒီဇင်ဘာ ၁၅
ဒေသတွင်းခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၁၀/ ၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကိုဗစ်ကာလအလွန် ပြန်လည်ဦးမော့လာသည့်ခရီးသွားလုပ်ငန်းအတွက် ဒေသအစားအစာအရောင်းဆိုင်များ၊ ရိုးရာအမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ MSMEs ပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ကြစေလိုပြီး လိုအပ်သည့်အရင်းအနှီးများထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ပိုးထည်ပိုးချည်မျှင်ဖြင့်ရက်လုပ်ထားသော ရိုးရာထည်များ၊ ရက္ကန်းထည်များ၊ အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းများကိုလည်း ခရီးသွားဧည့်သည်များအတွက် အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချစေလိုကြောင်း၊ ပြည်နယ်၏မြို့တော်ဘားအံမြို့အား ခရီးသွားမြို့တော်အဖြစ် ရည်မှန်းဆောင်ရွက်နေပြီး သန့်ရှင်းသာယာလှပရန်လိုကြောင်း၊ ခရီးသွားကျေးရွာများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘားအံမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကိုပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် တစ်ပတ်တစ်ကြိမ်ခန့် ခရီးစဉ်ဒေသများကို လှည့်လည်ကြည့်ရှု၍ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်နယ်သို့လာရောက်လည်ပတ်သည့် ပြည်တွင်း၊ပြည်ပ မသန်စွမ်းခရီးသွား ပြည်သူများအတွက် ခရီးသွားဝန်းကျင်ကောင်းများဖန်တီးပေးရေး၊ အဆင်ပြေလွယ်ကူချောမွေ့သည့် ခရီးသွားလုပ်ငန်းဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး (ကိုယ်စား) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် (၉/၂၀၂၂)အစည်းအဝေး တွင် ဆုံးဖြတ်အတည်ပြုရမည့်ကိစ္စရပ်များအား Power Point အသုံးပြု ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)