ဘားအံမြို့တွင် မြေပြင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဒီဇင်ဘာ ၁၅

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးနှင့် အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် ကရင်ပြည်နယ်အတွင်း မြေပြင်စာရင်း ကောက်ယူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှန်ကန်သည့်အခြေခံမဲဆန္ဒရှင်စာရင်း ရရှိနိုင်‌ရေးအတွက် e-ID Software ဖြင့် ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေစာရင်းများကို မြေပြင်လူဦးရေစာရင်းနှင့် ကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင်စိစစ်သွားမည်ဖြစ် ကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါ ရီလ ၃၁ ရက်နေ့တွင်အပြီး မြေပြင်လူဦးရေ စာရင်းကိုကောက်ယူသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်း  ဇန်နဝါရီလ ၉ ရက်နေ့မှစတင်ကာ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ မြေပြင်စာရင်းကောက် ယူရေး ဖွဲ့စည်းပေးထားသည့်ကော်မ တီအဆင့်ဆင့်မှ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူသွားမည်ဖြစ်ပြီး တစ်ကြိမ်တည်းဖြင့်အမှန်ရရှိရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူ၊ ပစ္စည်း၊ ဒေတာ လုံခြုံရေးကိစ္စရပ်များကို ကွပ်ကဲမှုရုံးအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်နောင်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာပြည်နယ်ဦးစီးမှူး ဦးစိုးလွင်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး‌အဖွဲ့ ဖွဲ့စည်းထားရှိမှု နှင့်လုပ်ငန်းတာဝန်များ၊ အကောင် အထည်ဖော်ဆောင်ရွက်မည့်အဆင့်များ၊ အသေးစိတ်စီမံချက်များ၊ သင်တန်းဆိုင်ရာများကိုလည်းကောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ သက်ဆိုင်ရာကဏ္ဍများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များက သက်ဆိုင်ရာမြို့နယ်အလိုက် မြေပြင်စာရင်းကောက်ယူနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေ အနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)