ထားဝယ် ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ဖွင့်လှစ်သောအရန်သားဖွား(၆)လ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယခုဖွင့်လှစ်သောသင်တန်းသည် ကိုယ့်ဒေသကိုယ့်ရပ် ရွာမှာရှိသော ကိုယ်ဝန် ဆောင် မိခင်များ၊ နို့တိုက်မိခင်များ၊ ခလေးငယ်များကို ဒေသခံများက အတိုင်းအတာတစ်ခုအထိ စောင့်ရှောက်ကူညီပေးနိုင်ရေးအတွက် သင်ကြားပေး သောသင်တန်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အတွင်းအထူးသဖြင့်ကျေးလက်ဒေသများတွင် နေထိုင်ကြသော ပြည်သူလူထု၊ အမျိုးသမီး၊ ကလေးများကို စောင့်ရှောက်နိုင်ရန်နှင့် အထောက်အကူဖြစ်နိုင်ရန်ရည်ရွယ်ပြီး စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ၊ အရန်သားဖွားဆရာမများကို မွေးထုတ်ပေးနိုင်ရန်အတွက် သင်တန်းကို စီစဉ်ရခြင်းဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်တိုင်းကိုယ်ဝန်ဆောင် စောင့်ရှောက်မှုရရှိစေရန်၊ ကျွမ်းကျင်သူနှင့်စနစ်တကျဘေးကင်းစွာ မွေးဖွားစေရန်၊ မီးတွင်း မိခင်စနစ်တကျစောင့်ရှောက်မှုရစေရန် စသည့်အချက်များသည် မိခင်နှင့်ကလေးကျန်းမာရေးအတွက် အရေးအကြီးဆုံးအခြေခံ အချက်များဖြစ်ကြောင်း၊ အရန်သားဖွားဆရာမများအနေဖြင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ သားဖွားပေးခြင်း၊ မီးဖွားပြီး မိခင်စောင့်ရှောက်ပေးခြင်းတို့အပြင် သားဆက်ခြားမှုဆောင်ရွက်ပေးခြင်း၊ ကျား/မအခြေပြု အကြမ်းဖက်ခံရသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ သင်တန်းကာလ(၆)လအတွင်း စာတွေ့လက်တွေ့ သင်ယူကြသည့်အခါတွင် သေချာစွာနားလည် တတ်ကျွမ်းစေရန် ကြိုးစားကျက်မှတ်သင်ယူ လေ့လာပြီး လက်တွေ့လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ အရန်သားဖွားဆရာမများအနေဖြင့် မိမိဒေသ၊ မိမိရပ်ရွာကိုမိမိပညာဖြင့်ကောင်းမွန်စွာ စောင့်ရှောက်နိုင်သူများဖြစ်ကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါက်တာမိုးဇော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်စီမံမှုဖြင့် အရန်သားဖွား(၆)လသင်တန်းကို ထားဝယ်ခရိုင်တွင်(၄၀) ဦး၊ မြိတ်ခရိုင်တွင်(၄၀)ဦး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)