ဝန်းသို စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် မန်ကျည်းကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ယမန်နေ့က စူပါဘို ကာရှီ မြေဆွေး ပြုလုပ်သုံးစွဲနည်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုး ရေးပညာရှင် ဝန်ထမ်းများက တောင်သူများအား လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။
စူပါဘိုကာရှီ မြေဆွေးပြုလုပ်ရာတွင် စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများက နွားချေး ၄တင်း၊ ဖွဲခွံ (စပါးခွံ) ၂တင်း၊ ဖွဲပြာ ၂တင်း၊ ဖွဲနု ၂တင်း၊ တင်လဲရည် ၁၅၀စီစီ၊ အီးအမ်အပြင်း ၁၅၀စီစီ၊ ရေ ၄ဂါလံနှင့် ပဲဖတ် မုန့်၂ပိဿစသည်တို့ဖြင့်ပေါင်းစပ်၍ မြေဆွေးပြုလုပ်ပုံပြုလုပ်နည်း၊ သုံးစွဲနည်းတို့ ကိုပြသခဲ့ရာ CERP အစီအစဉ် ဖြင့်ဆောင်ရွက်သည့် မျိုးစေ့ထုတ်တောင်သူများနှင့် ကျေးရွာ တောင်သူများက စိတ်ပါဝင်စားစွာ လက်တွေ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးမြေများတွင် ဓါတ်မြေဩဇာတစ်မျိုးတည်းကို ရေရှည်သုံး စွဲခြင်းဖြင့် မြေဆီလွှာများ ဖွဲ့စည်းပုံနှင့် အဟာရဓါတ်တန်ဘိုးများ ပျက်စီးဆုံးရှုံးစေနိုင်ကြောင်း၊ သီးနှံပင်များ အနေဖြင့်လည်း အထွက်နှုန်းများလျော့ကျခြင်း၊ ပိုးမွှားရောဂါကျရောက်မှုများပြား လာခြင်းစသည့် အားနည်း ချက်များဖြစ် ပေါ်စေကြောင်း၊ စူပါဘိုကာရှီမြေဆွေးသည် တောင်သူများ အတွက် အချိန်တိုအတွင်း မြေဆွေး ရလွယ်ခြင်း၊ ငွေကြေးကုန်ကျမှု သက်သာခြင်း၊ ရေရှည်ပြုလုပ် သုံးစွဲခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်မှုကို ကောင်းစေ၍ သီးနှံအထွက်နှုန်းတိုးတက်စေခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို ဦးတည် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း များကြောင့် ယခုလို စူပါဘိုကာရှီမြေဆွေးပြုလုပ် သုံးစွဲနည်းကို တောင်သူများအား လက်တွေ့ ပြုလုပ်ပြသခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝန်းသိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် မိုးစပါးစိုက်ဧက ၃၈၇၈၇ ဧကစိုက်ပျိုးထားလျက်ရှိပြီး ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်ဖြင့် စီးပွားဖြစ် မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်ကွက် ၂၅၀ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)