ပန်းတနော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ

ပန်းတနော် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးလက်နေ ပြည်သူများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဓနော်ကျေးရွာ လက်ပန်ကုန်း ကျေးရွာ၊ ခရေကန်ကျေးရွာတို့ရှိ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ရခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဇေယျာမြင့်က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အား ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယာဉ်စည်းကမ်း လမ်းစည်းကမ်း သိရှိလိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ဆွေးနွေးပြောကြား​ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်မီး၊ ကျေးရွာ ချင်းဆက်လမ်း၊ တံတား များကောင်းမွန်စေရေး စသည့်တို့အား တင်ပြဆွေးနွေးခဲ့ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)