ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာ၌ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုအား ကြည့်ရှုအားပေး

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာ၊ ကွင်းကျောင်း ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၉:၄၀ အချိန်က ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အခမဲ့ နယ်လှည့်ကွင်းဆင်းဆေးကုသမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

အဆိုပါ အခမဲ့ဆေးကုသခြင်းလုပ်ငန်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦး‌တင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် မအူပင်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်နှင့် မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်း ဦးဆောင်သော ဆေးကုသရေးအဖွဲ့မှ   ဒေသခံပြည်သူများအား အထွေထွေ‌ရောဂါကုသမား‌တော်၊ ခွဲစိတ်အထူးကု၊ အရိုးအကြောအထူးကု၊ သားဖွားမီးယပ် အထူးကု၊ မျက်စိအထူးကု၊ ဓါတ်မှန်အထူးကုနှင့် သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများဖြင့် အထွေထွေရောဂါပြသသူ(၂၆၄)ဦး၊ ခွဲစိတ်‌ပြသသူ(၅)ဦး၊ အရိုးအကြော‌ရောဂါပြသသူ (၇၄)ဦး၊ ကလေးအထူးကုပြသသူ(၃၂)ဦး၊ သားဖွားမီးယပ်‌ရောဂါပြသသူ(၂၂)ဦး၊ မျက်စိရောဂါပြသသူ (၇၇)ဦး၊ သွားနှင့်ခံတွင်းရောဂါပြသသူ(၂၄)ဦး စုစုပေါင်းဒေသခံပြည်သူ (၄၉၈) ဦးအား အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ဆေးကုသမှု အထောက်အကူပြုလုပ်ငန်းအဖြစ် တယ်လီဗေးရှင်း ဓါတ်မှန် (၃၇)ဦးနှင့် ဓါတ်ခွဲသွေးစစ်လူနာ (၁၂)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)