ကြံခင်း ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (၅၂၈)လူငယ်ပရဟိတဖွံ့ဖြိုးရေး ကျောက်တိုင် ကျောင်းတိုက်ဆရာတော် ဒေါက်တာဦးပညာနန္ဒမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲထူးချွန်သူများ၊ မြို့နယ်အဆင့်လူရည်ချွန်များနှင့် ဆုရရှိအောင် ပညာသင်ကြားပေးခဲ့သော ဆရာကြီး/ဆရာမကြီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကြံခင်းမြို့ (အ ထ က-၁) အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၅၂၈)လူငယ်ပရဟိတ ဖွံ့ဖြိုးရေးကျောက်တိုင် ကျောင်းတိုက်ဆရာတော် ဒေါက်တာဦးပညာနန္ဒမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများအားဆုများ ချီးမြှင့်ပေးအပ်ခြင်းနှင့် (၅၂၈)လူငယ်ပရဟိတ ဖွံဖြိုးရေးကျောင်း ဖွင့်လှစ်ပြီး အနာဂတ် မျိုးဆက်သစ် ပညာတတ်လူငယ်/ ရွယ်များမွေးထုတ်ပေးရခြင်းနှင့် ပတ်သက်ပြီးမိန့်ကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား/သူများ မွေးထုတ်ပေးခဲ့သော ဆရာကြီး၊ ဆရာမကြီးများကို ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်းအား ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ တိုင်းဒေသကြီးအဆင့်တွင် ထူးချွန်သော လူရည်ချွန်များဖြစ်အောင် ကြိုးစားကြရန် ပြောကြားပါသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ထူးချွန်သူများ၊ မြို့နယ်အဆင့် လူရည်ချွန်များနှင့် ဆုရရှိအောင်စွမ်းဆောင်နိုင်ခဲ့သော ဆရာကြီး/ ဆရာမကြီးများအား ဂုဏ်ပြုဆုချီးမြှင့်ရာ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် (၁၃)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် (၁၀)ဦး၊ မြို့နယ်အဆင့်လူရည်ချွန် (၆)ဦးနှင့် ဆုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော ဆရာကြီး/ဆရာမကြီး (၁၁)ဦးတို့ကို ဆရာတော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် (အ ထ က-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီးနောက် ဆုရရှိသူများကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပါသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားသို့ (၅၂၈)လူငယ်ပရဟိတဖွံ့ဖြိုးရေး ကျောက်တိုင် ကျောင်းတိုက် ဆရာတော် ဒေါက်တာဦးပညာနန္ဒ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆုရကျောင်းသား/သူများ၊ အလှူရှင်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)