ငဖဲ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန် မြှင့်တင်ရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိစေရန်နှင့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဌေးတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သိကောင်းစရာ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းများ၊ နေ့ထူးနေ့မြတ်များ၊ နယ်လှည့်အသိပညာပေး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများနှင့် စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်း က လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူများကို အထွေထွေဗဟုသုတ ဉာဏ်စမ်းမေးခွန်း များမေး၍ မှန်ကန်စွာဖြေဆိုနိုင်သူ ၅ ဉီးအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက အမှတ်တရ ဆုလက်ဆောင် ပစ္စည်းများအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်း ဆောင်ရွက်ကာ ပြသထားရှိသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်နှင့် သရုပ်ဖော်ရုပ်ပြများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်း ကောက်နုတ်ချက်များ၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ရုပ်ပြများကို ပြသ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မယု(ငဖဲ)